ကျိုင်းတုံ ဇွန် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် တရားမဝင် Online လောင်းကစားဂိမ်းပြုလုပ်နေသည့် တရားခံ ၆ ဦးအား ဇွန် ၃ ရက် နံနက် ၁၀ နာရီခန့်က အမှတ်(၁)ရပ်ကွက်၊ ယန်းခမ်းအထက်ရွာရှိ KPL Computer သင်တန်းနှင့် မိုင်းဇင်းကျေးရွာအုပ်စု ပန်ဆွန်ကျေးရွာ၌ ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး မောင်မောင်အေး၊ ကြီးကြပ်ကွပ်ကဲမှုဖြင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်(တြိဂံဒေသတိုင်းစစ်ဌာနချုပ်)မှ ဗိုလ်မှူး ဝင်းကိုကို ဦးစီးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် သက်သေများပါဝင်သော ပူးပေါင်းတပ်ဖွဲ့ဝင်များက တရားမဝင် Online လောင်းကစားဂိမ်းပြုလုပ်နေသူများအား ဖမ်းဆီးရမိရေး ထောက်လှမ်းဆောင်ရွက်ခဲ့ရာ ကျိုင်းတုံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ယန်းခမ်းအထက်ရွာရှိ KPL Computer သင်တန်းဖွင့်လှစ်ထားသည့်နေရာတွင် ပူးပေါင်းတပ်ဖွဲ့ဝင်များက တရားမဝင် Online လောင်းကစားဂိမ်း ဦးဆောင်ပြုလုပ်သူ ကျော်ဇင်လတ်နှင့်အတူ အားယာ၊ ဟိန်းမိုးဇော်နှင့် မအေးသီတာတို့အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား စစ်ဆေးရာ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်ဆွန်ကျေးရွာ၌ နေရာခွဲ၍ အွန်လိုင်းလောင်းကစားပြုလုပ်နေသော မမေမြတ်သွယ်နှင့် မအေးချမ်းမိုးတို့အား ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ တရားမဝင် Online လောင်းကစားဂိမ်းပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် Kpay/ Wavepay အကောင့်များအတွင်းမှ ငွေကျပ် သိန်း ၃၅၀ ကျော်အား သိမ်းဆီးရမိသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံများအား ကျိုင်းတုံမြို့မရဲစခန်းက (ပ)၁၀၇/၂၀၂၅၊ (ပ)၁၀၈/၂၀၂၅ လောင်းကစားဥပဒေပုဒ်မ ၁၈(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)