မိုင်းဖြတ် ဇွန် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမားသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးက နိုင်ငံတော်အစိုးရအနေဖြင့် မြို့နေလူထုနှင့် ကျေးရွာနေပြည်သူများ၏ လူနေမှုအဆင့်အတန်းကွားဟမှုမရှိစေရေး၊ လူမှုစီးပွားဘဝမြင့်မားစေရေးတို့အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေကြောင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးထွန်းရွှေက အမှာစကားများပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် သင်တန်းကို လက်တွေ့ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကျေးလက်ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် ဝင်ငွေတိုးပွားလုပ်ငန်းများကို ပိုမိုတွင်ကျယ်စွာဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းကို ဇွန်လ ၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၁၅ ရက်ကြာ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ကျေးရွာနေပြည်သူ သင်တန်းသား (၂၀)ဦး တက်ရောက်ကြောင်း သိရသည်။
ရွှေကို (မိုင်းဖြတ်)