မိုင်းကိုင် ဇွန် ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ မနက် ၈ နာရီအချိန်က မိုင်းကိုင်မြို့၏အရှေ့ဘက် ဖောင်းမိန်းကျေးရွာသွားလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးခွန်ဖုန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်လုပ်သားပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များကို ပျိုးပင်များပေးအပ်ကာ သတ်မှတ်ထားသော နေရာအသီးသီး၌ ပျိုးပင်များကို စိုက်ပျိုးခဲ့ကြသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သည် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ပြီး ရာသီဥတုညီညွတ်မျှတစေရန်၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ သစ်တောသစ်ပင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီသော စိမ်ပန်းပြာ ၃၀၀ ပင်၊ ပနားမားငု ၃၀၀ ပင်၊ ပျိုးပင်ပေါင်း ၆၀၀ ပင်တို့ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)