ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ဒလ ဇွန်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက်(၁၁)နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်​ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ စာဖတ်မှသာလျှင် မိမိဘဝတိုးတက်လာမည်ဖြစ်ကြောင်း၊ စာပေဖတ်ရှုခြင်းကြောင့် အမှားအမှန်ဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်းနှင့် စာပေနှင့် ပတ်သက်သော အကြောင်းအရာများအား ဟောပြောခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာဗဟုသုတရဖွယ် စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)