လင်းခေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် (ပထမ)အကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

လင်းခေး ဇွန် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့၊ တပ်နယ်မိသားစု၏ ၂၀၂၅ ခုနှစ် (ပထမအကြိမ်) မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက တပ်နယ်စိုက်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစုပေါင်းစိုက်ပျိုးပွဲ မစတင်မီ လင်းခေးတပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ထွန်းလတ်က တပ်နယ်အတွင်းရှိ တပ်ရင်းအသီးသီး၊ လင်းခေးခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများထံ ပျိုးပင်များ ပေးအပ်ခဲ့သည်။

ယင်းနောက် တပ်နယ်မှူးနှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးတို့ဦးဆောင်လျက် တက်ရောက်လာသူများအားလုံးက တစ်ပျော်တစ်ပါး စုပေါင်းသစ်ပင် စိုက်ပျိုးခဲ့ကြပါသည်။

ယနေ့ စိုက်ပျိုးခဲ့သည့် အပင်အမျိုးအစားမှာ ကျွန်းပင် (၁၀၀၀)ပင်ဖြစ်ပြီး တပ်နယ်မှူးနှင့် ဇနီး၊ တပ်နယ်မိသားစုဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်သစ်တောဦးစီးဌာနမှ အကြီးအကဲများနှင့် ဝန်ထမ်းများ စုစုပေါင်း (၅၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)