ပျဉ်းမနား ဇွန် ၆
နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းအုပ်စု၊ တပ်ပိုးကျေးရွာရှိ ဦးသိန်းဆိုင် နို့စားနွားမွေးမြူရေးခြံသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ နို့စားနွားများ မွေးမြူထားရှိမှု၊ နွားသားပေါက်များ မွေးမြူထားရှိမှုနှင့် နေ့စဉ်နို့ထုတ်လုပ်ရရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက မိရိုးဖလာစနစ်အတိုင်း မွေးမြူခြင်းထက် စနစ်ကျနသည့် မွေးမြူရေးလုပ်ငန်းအဖြစ်သို့လည်း အဆင့်မြှင့်တင်ဆောင်ရွက်သွားစေလိုကြောင်း၊ နို့နှင့်နို့ထွက်ပစ္စည်းများ အဆင်မြှင့်ထုတ်လုပ်စေလိုကြောင်းနှင့် အခြားလိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးသည် ဦးသူရမောင်၏ အသားတိုးဝက်ခြံသို့ ရောက်ရှိရာ တာဝန်ရှိသူများက အသားတိုးဝက်မွေးမြူထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဗိုလ်မှူးကြီးရဲမိုးက ဒေသဝမ်းစာဖူလုံရေးအပြင် ဈေးကွက်လိုအပ်ချက်ရှိနေသည့် အသားကဏ္ဍတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရန်လိုအပ်ကြောင်း၊ ဝက်မျိုးကောင်းမျိုးသန့်များ တိုးတက်ထုတ်လုပ်နိုင်ရေး၊ ထွက်ရှိလာသော ဝက်သားပေါက်ငယ်များကို ဒေသတွင်းဖြန့်ဖြူးနိုင်ရေးတို့ ဆောင်ရွက်သွားစေလိုကြောင်း မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် ဦးသိန်းဆိုင်၏ တိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်များကို လွှတ်ကျောင်းစနစ်မှ ခြံလှောင်မွေးမြူရေးစနစ်သို့ ပြောင်းလဲပြီး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လုပ်ကိုင်လာစေရန်၊ အစာရှားပါးချိန်တွင် အာဟာရပြည့်ဝသော အစားအစာကျွေးမွေးနိုင်ရန်၊ ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းတွင် အာဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းမွန်စေသော တိရစ္ဆာန်အစာပင်များ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် နေဗီယာမြက်မျိုးများကို စနစ်တကျစိုက်ပျိုး ဆောင်ရွက်နိုင်ရန်လိုကြောင်းနှင့် လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် ကွင်းအမှတ် ၁၆၉၂ တောင်သူ ဒေါ်မြင့်မြင့်အေးနှင့် ဦးနိုင်စိုးတို့၏ လယ်မြေများ၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ပျိုး ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး သစ်စိမ်းမြေဩဇာပင်များ၏ အမြစ်များသည် မြေကြီးနက်နက်ထဲသို့ ဆင်းနိုင်ပြီး အပင်အာဟာရများအား အပေါ်ယံမြေဆီလွှာသို့ သယ်ဆောင်ပေးနိုင်ခြင်း၊ သစ်စိမ်းမြေဩဇာသုံးစွဲသည့်အတွက် ဓာတ်မြေဩဇာ လျှော့သုံးလိုက်ခြင်းအားဖြင့် မြေဆီလွှာနှင့် ရေထုထဲသို့ ဓာတုအဆိပ် စီးဆင်းမှု လျော့နည်းခြင်း စသော အကျိုးကျေးဇူးများ ရရှိနိုင်သည့်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးပါက စိုက်ပျိုးသည့် လယ်ယာမြေများ၏ သီးနှံများသည် အထွက်တိုးနိုင်မည်ဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသည့် တောင်သူများအား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ပေးစေလိုသည်ဟု မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)