လယ်ဝေးမြို့နယ်အတွင်း မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

လယ်ဝေး ဇွန် ၆

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပသည့် လယ်ဝေးမြို့နယ်အတွင်း ယင်လုံအိမ်သာ ရာနှုန်းပြည့် ဆောက်လုပ်သုံးစွဲရေးအတွက် အသိပညာပေးခြင်းနှင့် အိမ်သာခွက်များပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်၊ တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်းက ယင်လုံအိမ်သာများ ရာနှုန်းပြည့်ဆောက်လုပ်သုံးစွဲနိုင်‌ရေးအတွက် ရည်ရွယ်ချက်နှင့် အကျိုးသက်ရောက်မှုများ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် လများစွာ ထိရောက်ကြောင်း ကျန်းမာရေးအသိပညာပေးဆွေးနွေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရက ကျေးရွာများတွင် ယင်လုံအိမ်သာများ ‌ဆောက်လုပ်နိုင်ရေး ကျေးရွာအုပ်ချုပ်ရေးမှူးများအား ခွဲ‌ဝေတာဝန်‌ပေး၍ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒာကျော်က မြို့နယ်အတွင်း ယင်လုံအိမ်သာများ စနစ်တကျဆောက်လုပ်နိုင်ရန် လက်တွေ့ အိမ်တိုင်ရာရောက် ပြသမည်ဖြစ်ကြောင်း အိမ်သာနှင့် ခွက်များ ဖြန့်ဝေပေးမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက စမတောင်၊ ဝက္ကမူ၊ အေလာ၊ သာဝတ္ထိ၊ သဲကောကြီးကျေးရွာများအတွက် အိမ်သာခွက်နှင့် ပိုက်အစုံ ၆၆၀ ပေးအပ်ခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ရွှေပြည်အေးကျေးရွာရှိ ဧကရီဝက်မွေးမြူရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုကာ လုပ်ငန်းများတိုးချဲ့နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် ရှားချောင်းကျေးရွာ၊ ကွင်းအမှတ် ၁၈၀၁၊ တောင်သူဦးမြင့်ကို၏ နွေစပါးသီးနှံ ၁၀ ဧကနှင့် တောင်သူ ဦးမောင်မောင်၏ နွေစပါး ၁၀ ဧကတို့အား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာ၊ ကွင်းအမှတ် ၁၈၀၁ တွင် နွေစပါးသီးနှံ ၆၀၄ ဧက စိုက်ပျိုးထားရာ တစ်ဧကအထွက်နှုန်း (အစို)၁၄၀ တင်းခန့် ထွက်ရှိကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ကျင်းပသည့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲသို့ တက်‌ရောက်၍ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ လက်ရှိဆောင်ရွက်နေသည့် မွေးမြူရေးစနစ်များမှ အသားအထွက်နှုန်း ဥအထွက်နှုန်းများ တိုးတက်ထုတ်လုပ်နိုင်ရန် အဆင့်မြင့်မွေးမြူရေးစနစ်များ၊ မျိုးကောင်းမျိုးသန့်များ၊ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ မွေးကုဆရာဝန်များနှင့် တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ပေးရန်  ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မွေးမြူရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)