ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ဆိပ်ကြီးခနောင်တို ဇွန်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း ၁၀ ကျောင်း၊ မူလတန်းလွန်ကျောင်း ၄ ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း ၂ ကျောင်းနှင့် အ.ထ.ကကျောင်း ၁ ကျောင်း စုစုပေါင်း ၁၇ ကျောင်းရှိပြီး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တစ်မြို့နယ်လုံးစာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၆၉၀၀ ဦးရှိရာ၊ ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ ၆၃၆၉ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများက လိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)