ထန်းတပင်(ရန်ကုန်) ဇွန် ၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ(၄)ရက်နေ့၊ နေ့လယ်(၁၂)နာရီအချိန်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ သီရိမင်္ဂလာကျောင်းတိုက်၊ ဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်လျက်ရှိပြီး အစိုးရပါဠိပထမပြန်စာမေးပွဲကိုလည်း ထန်းတပင်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော်များနှင့် ပထမပြန်ကြီးကြပ်ရေးဆရာတော်များက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားစေရန်ရည်ရွယ်၍ အစိုးရပါဠိပထမပြန်စာမေးပွဲကို ထန်းတပင်မြို့နယ်တွင် ဇွန်လ(၄)ရက်နေ့မှ ဇွန်လ(၁၀)ရက်နေ့အထိ (၇)ရက်တာ ကျင်းပပြုလုပ်ခြင်းဖြစ်သလို ပထမကြီးတန်းစာမေးပွဲတွင် ဖြေဆိုရန်စာရင်းပေးသွင်းသည့် သံဃာ(၁၂)ပါး၊ ပထမလတ်တန်းစာမေးပွဲတွင် ဖြေဆိုရန်စာရင်းပေးသွင်းသည့် သံဃာနှင့်သီလရှင်(၂၃)ပါး၊ ပထမငယ်တန်းစာမေးပွဲတွင်ဖြေဆိုရန် စာရင်းပေးသွင်းသည့်သံဃာ(၇၂)ပါး၊ အခြေပြုမူလတန်းစာမေးပွဲတွင် ဖြေဆိုရန်စာရင်းပေးသွင်းသည့် သံဃာနှင့်သီလရှင်(၁၂၈)ပါး စုစုပေါင်းဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသည့် သံဃာနှင့်သီလရှင်(၂၃၅)ပါးရှိပြီး ပထမကြီးတန်းတွင် ဝင်ရောက်ဖြေဆိုခဲ့ကြသည့် သံဃာ(၈)ပါး၊ ပထမလတ်တန်းတွင် ဝင်ရောက်ဖြေဆိုခဲ့ကြသည့် သံဃာနှင့်သီလရှင်(၁၆)ပါး၊ ပထမငယ်တန်းတွင် ဝင်ရောက်ဖြေဆိုခဲ့ကြသည့် သံဃာ (၅၄)ပါး၊ အခြေပြုမူလတန်းတွင် ဝင်ရောက်ဖြေဆိုခဲ့ကြသည့် သံဃာနှင့်သီလရှင် (၈၃)ပါး စုစုပေါင်းဝင်ရောက်ဖြေဆိုခဲ့ကြသည့် သံဃာနှင့်သီလရှင် (၁၆၁)ပါးထိရှိကြောင်း သိရသည်။
စာဖြေသံဃာတော်များနှင့် သီလရှင်များ အဆင်ပြေချော့မွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက စာဖြေသံဃာတော်များနှင့် သီလရှင်များ၏ ဆွမ်းဝေယျဝစ္စများနှင့် ကျန်းမာရေးကိစ္စရပ်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)