ထန်းတပင်မြို့နယ်၌ မိုးစပါးစိုက်ဧက ရှစ်သောင်းလေးထောင်ကျော် လျာထားစိုက်ပျိုးသွားမည်

ထန်းတပင်(ရန်ကုန်) ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီအတွက် စိုက်ဧက ရှစ်သောင်းလေးထောင်ကျော် လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး လျာထားဧကထက် ကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများက တောင်သူအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါးလျာထားစိုက်ဧက (၈၄၁၃၈)ဧက လျာထားပြီး ဇွန်လဒုတိယပတ်မှစတင်ကာ စိုက်ပျိုးသွားမှာဖြစ်ကြောင်း၊ လျာထားဧကပြည့်မီရေးနှင့် ကျော်လွန်အောင်စိုက်ပျိုးနိုင်ရေးအတွက် တောင်သူအသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုက ပြောသည်။

လျာထားဧကပြည့်မီအောင်နှင့် ကျော်လွန်အောင်စိုက်ပျိုးနိုင်ရေးအတွက် တောင်သူပညာရေးလုပ်ငန်းများနှင့် မိုးစပါးစိုက်ခင်းများ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် လိုက်နာရမည့်နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ အသိပညာပေးဆောင်ရွက်လျက်ရှိပြီး နည်းပညာမျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး ကူညီပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်မင်းထိုက် (ထန်းတပင်)