သာကေတမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲဖြေဆို

သာကေတ ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို သာကေတမြို့နယ်၊ ဇိနမာရ်အောင်​စေတီတော် ဝိမုတ္တိရသဓမ္မာရုံ၌ ဇွန် ၄ ရက်မှ  ၁၀ ရက်ထိ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီထိ ကျင်းပလျက်ရှိသည်။

သာကေတမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ သံဃာတော်များ ဝင်ရောက်ဖြေဆိုကြသည့် ပါဠိပထမပြန်စာမေးပွဲတွင် ဇွန်၄ ရက်၌ အခြေပြုမူလတန်းသည် ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီ၊ ပထမငယ်တန်းသည် ဘိက္ခုပါတိမောက်ဘာသာ၊ ဓမ္မပဒ၊ ပထမလတ်တန်းနှင့် ပထမကြီးသည် ဒွေမာတိကာဘာသာ၊ ဓမ္မပဒ၊ ဇွန် ၅ ရက်၌ မူ၊ ငယ်၊ လတ်၊ ကြီးတန်းအားလုံးသည် ကစ္စည်းသဒ္ဒါကြီးဘာသာ၊ ဇွန် ၆ ရက်၌ မူ၊ ငယ်၊ လတ်၊ ကြီးတန်းအားလုံးသည် အဘိဓမ္မတ္တသင်္ဂဟဘာသာ၊ ဇွန် ၇ ရက်၌ အခြေပြုမူလတန်းသည်တိကမာတိကာ၊ ပထမငယ်တန်းသည် တိကမာတိကာ၊ ဒုကမာတိကာနှင့် ဓာတုကထာဘာသာ၊ ပထမလတန်းသည် သုတ္တန္တိကမာတိကာနှင့် ဓာတုကထာဘာသာ၊ ပထမကြီးတန်းသည် အဘိဓာန်၊ အလင်္ကာ၊ ဆန်းဘာသာ၊ ဇွန် ၈ ရက်၌ ပထမငယ်တန်းသည် ဘာသာပြန်ဘာသာ၊ ပထမလတ်တန်းသည် ယမိုက်အောက် (၅) ကျမ်းဘာသာ၊ ပထမကြီးတန်းသည် ယမိုက်အထက် ( ၅)  ကျမ်းဘာသာ၊ ဇွန် ၉ ရက်၌ ပထမလတ်တန်းသည် ဘာသာပြန်ဘာသာ၊ ပထမကြီးတန်းသည် ပဋ္ဌာန်းကုသလတိက်ဘာသာ၊ ဇွန် ၁၀ ရက်၌ ပထမကြီးတန်းသည် ဘာသာပြန်ဘာသာတို့ကို ဖြေဆိုကြမည်ဖြစ်သည်။

လူနှင့်သီလရှင်များသည် ဇွန် ၄ ရက်တွင် ဝိနည်းဘာသာအစား ပထမကြီးတန်း၌ ဓမ္မပဒပါဠိအဋ္ဌကထာ (သုခဝဂ်မှအဆုံးထိ)၊ ပထမလတ်တန်း၌ ဓမ္မပဒပါဠိအဋ္ဌကထာ (ပဏ္ဍိတဝဂ်မှဗုဒ္ဓဝဂ်အဆုံး)၊ ပထမငယ်တန်း၌ ဓမ္မပဒပါဠိအဋ္ဌကထာ (အစမှဗာလဝဂ်အဆုံး)၊ အခြေပြုမူလတန်း၌ သုကုမာရမဂ္ဂဒီပနီ (လယ်တီ)တို့ကို ဖြေဆိုခဲ့ကြသည်။ ယင်းသို့ဖြေဆိုရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဆရာတော်များ၊ ပါဠိပထမပြန်စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ အကျိုးတော်ဆောင် ဆရာတော်နှင့်အဖွဲ့ဝင်ဆရာတော်များက အနီးကပ်ကြီးကြပ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် အလှူရှင်များက ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များအား ဝတ္ထုငွေများ အအေးဘူးများနှင့် ရေသန့်ဘူးများအား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သဲထက်ဇင် (ပြန်/ဆက်)