မော်လမြိုင် ဇွန် ၅
မွန်ပြည်နယ်တွင် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်းအပူချိန်လျော့ကျလာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကိုတန်ဖိုးထားချစ်မြတ်နိုးပြီး သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေရန် သစ်တောစိုက်ခင်းများ ထူထောင်နိုင်ရန်ရည်ရွယ်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ၂ဝ၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇွန်လ ၅ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ တက္ကသိုလ် (၁ဝ)မြို့နယ်ဆောင်အနီး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွန်ပြည်နယ် အမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ၊ ဆရာဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ သစ်တောဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျေးရွာသုံးထင်းစိုက်ခင်း တစ်ရွာ(၂)ဧက မန်ဂျန်ရှားစိုက်ပျိုးခဲ့သည့် အပင်များ၏ ရှင်သန်အောင်မြင်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အောင်မြင်ဖြစ်ထွန်းနေသော အပင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် သဘာဝသစ်တောသစ်ပင်များ ပြုန်းတီးမှုမရှိစေရေးနှင့် သစ်တောပြုန်းတီးမှုများ လျှော့ချနိုင်ရေးတို့ကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရာသီဥတု၏ ပြောင်းလဲလာမှုနှင့် လိုက်လျောညီထွေရှိစေဖို့ သစ်တောများပြုစုထိန်းသိမ်းခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းများဟာ အလွန်ထိရောက်ပြီး ကုန်ကျစရိတ်သက်သာကာ လူတိုင်းလူတိုင်း အလွယ်တကူဆောင်ရွက်နိုင်ရုံမက ချက်ချင်းနေရာမရွေး ဆောင်ရွက်နိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ဒေသမျိုးရင်းအဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်တဲ့အပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အမြဲစိမ်းသစ်မျိုးများ၊ အရိပ်ရသစ်မျိုးများ စတဲ့အပင်အမျိုးမျိုးကို အစီအစဉ်တကျ စိုက်ပျိုးသွားမည်ဖြစ်ပြီး စိုက်ပျိုးပြီးအပင်များကိုလည်း တစ်ပင်စိုက် တစ်ပင်ရှင်စနစ်နဲ့ အောင်မြင်အောင်ဆောင်ရွက်ဖို့လည်း အလေးထားဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် သစ်မျိုး(၈)မျိုး၊ အပင်အရေအတွက် (၁,၀၀၀)ပင် စိုက်ပျိုးသွားမည်ဖြစ်ကာ အဖိုးတန်သစ်မျိုးတွေ၊ ဒေသမျိုးရင်း သစ်မာသစ်မျိုးတွေ၊ ရာသီအလိုက် ဖူးပွင့်နိုင်တဲ့အပင်တွေ၊ ကြီးမြန်သစ်မျိုးတွေ၊ အမြဲစိမ်းသစ်မျိုးတွေ၊ အရိပ်ရသစ်မျိုးတွေ အမျိုးအစားစုံလင်စွာတွေ့ရှိနိုင်ပြီး အစီအစဉ်တကျ စိုက်ပျိုးသွားမှာဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် မိုးရာသီစိုက်ပျိုးမည့်အပင်များအား စိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သစ်မာအမျိုးအစားများဖြစ်သော ကျွန်း၊ သင်္ကန်း၊ ပျဉ်းကတိုး၊ ပျဥ်းမ၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ စိန်ပန်း၊ မယ်ဇလီ စသည့် သစ်ပင်အမျိုးအစားများအား တာဝန်ရှိသူများ၊ မွန်ပြည်နယ် အမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူးများနှင့် အများပြည်သူများမှ တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေး၍ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသူများအား အာဟာရမုန့်များ ပေးဝေခဲ့သည်။
မွန်ပြည်နယ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီအတွင်း ပြည်နယ်တစ်ဝန်းလုံးမှာ သစ်ပင်စိုက်ပျိုးပွဲတော် (၁၄)ကြိမ် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး သစ်ပင်ပေါင်း (၉,၃၄၀)ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးသွားမှာဖြစ်ကာ ပြည်သူလူထုနှင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များကို သစ်မျိုး (၁၈)မျိုးနဲ့ ပျိုးပင်ပေါင်း (၃)သိန်းကို သစ်တောဦးစီးဌာန (အမြဲတမ်း) ပျိုးဥယျာဉ်များမှတစ်ဆင့် ဖြန့်ဝေစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)