ဗဟန်း ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကမ္ဘာအေးဘုရားလမ်း(ဗဟန်း ၁ လမ်း)အနီး PROBOX ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ဘလောက်တုံးကိုကျော်၍ သံပန်းများအား ၀င်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသော PROBOX ယာဉ် (အမှတ် YGN4D-4700) သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ဘလောက်တုံးကိုကျော်ကာ သံပန်းများအား ဝင်တိုက်ခဲ့ခြင်းကြောင့် သံပန်း(၃)ခန်း ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းသူအား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ယာဉ်တိုက်မှုကြောင့် ပျက်စီးသွားသည့် သံပန်းများအား မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး အင်ဂျင်နီယာဌာန၊ လမ်းနှင့်တံတားမှ ၀န်ထမ်းများက ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နေလင်း (ပြန်/ဆက်)