စစ်တွေ ဇွန် ၅
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သည် လူသားများ အသက်ရှိင်နေထိုင်နိုင်သော တစ်ခုတည်းသော ကမ္ဘာမြေအတွက်အလွန်ထူးခြားလေးနက်သည့်နေ့ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် အမျိုးသားအဆင့်နှင့်ဒေသအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများကို ကျင်းပခဲ့ကြကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးမှပြည်သူများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် အာရုံစူးစိုက်မိလာစေရန်၊ ကမ္ဘာ့ မြေပေါ်တွင် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးနေမှု ပြဿနာများအနက် နှစ်အလိုက်ဖြစ်ပွားပေါ်ပေါက် နေသည့် အရေးကြီးပြဿနာရပ်များ၊ အဓိကစိန်ခေါ်နေမှုများကိုပိုမိုသိရှိကာ အလေးထားဖြေရှင်း ဆောင်ရွက်လာကြစေရန် ရည်ရွယ်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်များကို ၁၉၇၄ ခုနှစ်မှစ၍ နှစ်စဉ်ထုတ်ပြန် သတ်မှတ်ပေးခဲ့ကာ ၁၉၈၇ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြို့ကြီး များတွင် နှစ်စဉ်လှည့်လည်ကျင်းပခဲ့ကြောင်း၊ ယခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားကို ကိုးရီးယားသမ္မတနိုင်ငံ (ဂျယ်ဂျူ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) မှာ “ကမ္ဘာတစ်ဝန်းပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး”(Ending Plastic Pollution Globally)ဆောင်ပုဒ်ဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် ပင်လယ်ကမ်းရိုးတန်းရှည်လျားသော နိုင်ငံတစ်ခုဖြစ်သကဲ့သို့ ရခိုင်ပြည်နယ်၏ ပင်လယ်ကမ်းရိုးတန်းသည်လည်း ရှည်လျားသည့်အတွက် ကမ္ဘာ့နိုင်ငံများကဲ့သို့ ပင်လယ်သမုဒ္ဒရာများအတွင်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်စေရေးနှင့် စွန့်ပစ်အမှိုက်များစီမံခန့်ခွဲ စွန့်ပစ်နိုင်ရေးအတွက် ပြည်နယ်အတွင်းအစိုးရဌာနများ၊ ကုန်ပစ္စည်းထုတ်လုပ်သူနှင့် ရောင်းချနေသူများ၊ ပြည်သူ လူထုတစ်ဦးချင်းစီတို့ကလည်း ပူးပေါင်းလိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထိမ်းအမှတ်နေ့ ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့တစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေးကို ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး အနေဖြင့် မိမိတို့တစ်ဦးချင်း၊ တစ်အိမ်ချင်းစီမှ စွန့်ပစ်အမှိုက်များထွက်ရှိမှု လျော့ကျစေရန် မစွန့်ပစ်မီ အမှိုက်နှင့် ပတ်သက်သည့် လူတစ်ဦးချင်းလိုက်နာသင့်သော စနစ်ကို တစ်ဦးချင်းလိုက်နာရန် လိုအပ်ပြီး Reduce (တစ်ခါသုံးပစ္စည်းများအသုံးပြုမှု လျော့ချပြီးပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိသော ပစ္စည်းများအား အစားထိုး သုံးစွဲခြင်း၊ တာရှည်အသုံးခံပစ္စည်းများအား သုံးစွဲခြင်း)၊ Reuse (မိမိစွန့်ပစ်မည့် ပစ္စည်းအား အစားထိုး ပြန်လည်အသုံးပြု၍ရပါက စွန့်ပစ်ခြင်းမပြုဘဲ အသုံးပြုပစ္စည်းအဖြစ်ပြောင်းလဲအသုံးပြုခြင်း၊ Recycle (အသစ်ပြန်လည်ပြုလုပ်နိုင်သော စွန့်ပစ်ပစ္စည်းများကို စက်ရုံများသို့ပေးပို့ပြီး ကြိုချက် ပုံလောင်းအသစ်ပြန်လည်ထုတ်လုပ်ခြင်း)ဖြင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပပြီး သဘာဝသယံဇာတ များ တူးဖော်ထုတ်လုပ်မှုအား စီမံခန့်ခွဲနိုင်သောအကျိုးကျေးဇူးများ ရရှိနိုင်ခြင်းကြောင့်တစ်ဦးချင်းစီက လိုက်နာကျင့်သုံး သွားကြရန်တိုက်တွန်းလိုကြောင်းနှင့် မိရိုးဖလာအမှိုက်စွန့်ပစ်သိမ်းဆည်းမှု စနစ်မှအမှိုက် ခွဲခြားစွန့်ပစ်သည့် စနစ်ကိုပြောင်းလဲကျင့်သုံးခြင်းဖြင့် ရခိုင်ပြည်နယ်အတွင်း စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲမှု ကောင်းမွန်စေရန်၊ အမှိုက်ခွဲခြားစွန့်ပစ်ခြင်း စနစ်ကျင့်သုံးနိုင်ရန်အတွက် ဌာနဆိုင်ရာများပူးပေါင်း ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဌာနများမှ တိုးချဲ့အသိပညာပေးခြင်း၊ လိုက်နာကျင့်သုံးစေရန်ကြပ်မတ် ဆောင်ရွက်သွားခြင်းဖြင့် ပြည်နယ် အတွင်းရှိ မြို့ရွာများနှင့် ချောင်း၊ မြောင်း၊ မြစ်များအတွင်း စွန့်ပစ်အမှိုက်များ ရောက်ရှိမှုလျော့နည်းပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသော “Smart City, Clean City, Green City” များ ပေါ်ထွက်လာရန် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် (Mr.Antonio Guterres) က ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှတ်တမ်းဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) အမှုဆောင်ညွှန်ကြားရေးမှူးချုပ်၏ အမှာစကားမှတ်တမ်းဗီဒီယိုနှင့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဗီဒီယိုအား ဖွင့်လှစ် ပြသပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ခန်းမအတွင်းခင်းကျင်းပြသထားသော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပြခန်းအားလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)