ဒက္ခိဏသီရိမြို့နယ်၌ “၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော် ဇွန် ၅

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ်  ကျောင်းသား၊ ကျောင်းသူများ၏ အသိပညာများ တိုးမြှင့်လာ‌စေရန်ရည်ရွယ်၍ “၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာလှိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဦးရဲနိုင်ဝင်းမှ “ကမ္ဘာ့တစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပြီး “ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်” Video Clip ကို ဖွင့်လှစ်ပြသသည်။

ယင်းနောက် ဒက္ခိဏသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက “လူငယ်နှင့်အချိန်၏တန်ဖိုး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းသည့် ပတ်ဝန်းကျင်ဆိုင်ရာ သိလိုသည်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတ၊ ရသ၊ စာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)