မိုးညှင်း ဇွန် ၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၅ ခုနှစ် ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် တက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr.Antonio Guterres ၏ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက် ပေးပို့လာသော သဝဏ်လွှာအား ဖတ်ကြားသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်မှ အမှုဆောင်ဒါရိုက်တာ INGER ANDERSEN ပြောကြားထားသည့် ရုပ်သံ ဗီဒီယိုဖိုင်အားပြသပြီးနောက် ဇွန်(၃)ရက်တွင် ကျင်းပခဲ့သည့် “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် တက္ကသိုလ်အဆင့်ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုများရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ကြပြီးနောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးသန်းဝင်းအောင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တက္ကသိုလ်မှခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများက ဆုရရှိကြသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လှုပ်ရှားခဲ့မှု မှတ်တမ်းဓါတ်ပုံများနှင့် ဆုရရှိကြသူများ ပြသထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း