ရေး ဇွန် ၅
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန်လ ၂ ရက်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မွန်ပြည်နယ်၊ရေးခရိုင်၊ရေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်သင်ကြားနေပြီဖြစ်ကြောင်းသိရသည်။
ထို့သို့အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားပေးရာတွင် ရေးမြို့နယ် တပ်နယ်မှူး ဗိုလ်မှူးကြီးကောင်းဇော်မြင့်၊ ရေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းမင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ (ခေတ္တ)မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲနီထွန်း မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဦးမင်းဌေးဦးတို့က ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များအား တာဝန်ရှိသူဆရာ/ဆရာမများကိုဖြည့်စွက်မှာကြားသည်။
ရေးမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ပေါင်း ၁၅၃ ကျောင်းတို့၌ ကျောင်းအပ်လက်ခံခြင်းကို မေ ၂၂ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ဇွန်လ ၂ ရက်နေ့ထိ အပ်နှံပြီးသည့် ကျောင်းသား၊ကျောင်းသူ ၃၇၃၆၄ ဦး အနက်မှ တက်ရောက်သူ ၃၆၂၉၄ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၉၇ ဒဿမ ၁၄ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)