ရေး ဇွန် ၅
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး ပေါင်း၍ ဇွန်လ ၄ ရက်နေ့နံနက် ၁၀ နာရီတွင် သီရိမာလာရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ နှင့်ပလတ်စတစ်ညစ် ညမ်းမှုအန္တရာယ် စုပေါင်းကာကွယ် ခေါင်းစဉ်တို့ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်အိအိဖြိုးက လူငယ်နှင့်စာရိတ္ထပညာခေါင်းစဉ်ဖြင့် လူငယ်များအနေဖြင့် လိမ္မာရေးခြားရှိစေရေး အသိပညာ၊ အတတ်ပညာ သာမက ပြင်ပစာပေဗဟုသုတများ လေ့လာမှတ်သားရမည် ဖြစ်ကြောင်းနှင့် ပညာဖြင့်သာ အမှားနှင့်အမှန် ခွဲခြားသိမြင်နိုင်မည်ဖြစ်၍ မိမိဘဝရည်မှန်းချက်ပန်းတိုင် လျှောက်လှမ်းရာတွင် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်းကို လည်းကောင်း၊ မြို့ နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်ထက်ဝါဝါမှူးက ဇွန် ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ပလတ် စတစ်ညစ်ညမ်းမှုအန္တရာယ် စုပေါင်းကာကွယ်ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင် လေထု၊ မြေထု၊ ရေထုညစ်ညမ်းမှုမှ ကာကွယ်နိုင်ရန် ပလတ်စတစ်အိတ်သုံးစွဲမှုလျော့ချရေးကို တစ်ဦးတစ်ယောက်ချင်းမှစ၍ ထိန်းသိမ်းကာကွယ် ရမည့်အကြောင်းအရာများကို လည်းကောင်း ကဏ္ဍအလိုက် ဟော ပြောပေးသည်။
ထို့နောက် ဟောပြောသည့် အကြောင်းအရာအလိုက် အသိပညာဗဟုသုတရရှိစေရန် ပြန်လည် မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနှင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်း ပြသပေးထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)