ကျောက်ဖြူမြို့၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားပြုလုပ်

ကျောက်ဖြူ ဇွန် ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ် “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူက ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့်ပတ်သက်၌ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့ထားသည့် သဝဏ်လွှာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Video Click တို့အား အခမ်းအနားတက်ရောက်လာသူများကို ဖွင့်လှစ်ပြသခဲ့သည်။ ဆက်လက်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် အခြေခံပညာကျောင်းများမှ အလယ်အဆင့်နှင့် အထက်တန်းအဆင့်တို့မှ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။  

တင်ထွန်းဦး(ပြန်ဆက်)