စစ်တွေ ဇွန် ၅
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်သည့် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိအောင် စိုက်ပျိုးကြမည့် တောင်သူများအား မျိုးစပါး၊ ပိုက်ဆံလျှော်မျိုးစေ့၊ ယူရီးယားဓာတ်မြေဩဇာများ ချီးမြှင့်ပေးအပ်ခြင်းနှင့် နည်းပညာပေးရက်တိုသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စပါးသည် နိုင်ငံတော်၏ အဓိကရိက္ခာသီးနှံ ဖြစ်သကဲ့သို့ ရခိုင်ပြည်နယ်သည်လည်း မိုးစပါးကို အဓိကထားစိုက်ပျိုးသော ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိသော ဧကများတိုးတက်လာရန် ဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံတစ်ခု စိုက်ပျိုးဖြစ်ထွန်းရန်၊ အထွက်နှုန်းတိုးတက်ရန် မျိုး၊ မြေ၊ ရေ၊ နည်းပညာ သွင်းအားစုစသည့် အချက်များအပေါ်တွင် များစွာအခြေခံကြောင်း၊ အထွက်ကောင်း၊ မျိုးကောင်း၊ မျိုးသန့်များ သုံးစွဲစိုက်ပျိုးရန် လိုအပ်သကဲ့သို့ မြေဆီလွှာအာဟာရဖွံ့ဖြိုးတိုးတက်ရေး ကိုလည်း တောင်သူများအနေဖြင့် ကြိုးစားဆောင်ရွက်ပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တောင်သူများ စိုက်ပျိုးနည်း ပညာများကို မျက်မြင်ကိုယ်တွေ့ လေ့လာနိုင်ရန်စံပြကွက်၊ စမ်းသပ်ကွက် ကွင်းပြပွဲများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင်လည်း မျိုးစေ့ထုတ် စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်များ ဆောင်ရွက်သည့် အကျိုးဆောင်တောင်သူများကို ယခုကဲ့သို့ မျိုးကောင်းမျိုးသန့်များ၊ ဓာတ်မြေဩဇာများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ ယခုအခမ်းအနားတွင်လည်း စိုက်ပျိုးနည်း ပညာများကိုလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ကြသော တောင်သူများကို မျိုးကောင်းမျိုးသန့်စပါးနှင့် ယူရီးယားဓာတ်မြေဩဇာများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ တောင်သူများ အနေဖြင့် မိုးစပါးတစ်သီးတည်းနှင့် ကျေနပ်မနေဘဲ (၂)သီး၊ (၃) သီး သီးထပ်စိုက်ပျိုးနိုင်အောင် ကြိုးစား ဆောင်ရွက်ရန်လိုကြောင်း၊ ဝင်ငွေတိုးတက်ရရှိရေးအတွက် သီးထပ်တစ်မျိုးမျိုးကို စိုက်ပျိုးကြရန်နှင့် စိုက်ပျိုးတောင်သူများ ဝင်ငွေတိုးပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မျိုးစပါး၊ ပိုက်ဆံလျှော်မျိုးစေ့၊ ယူရီးယား ဓာတ်မြေဩဇာများ ချီးမြှင့်ပေးအပ်ခြင်းနှင့် နည်းပညာပေးရက်တိုသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက တောင်သူများ အား မျိုးစပါးနှင့် ပိုက်ဆံလျှော်မျိုးစေ့များအားလည်းကောင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်က ယာယီနေရပ်စွန့်ခွာပြည်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့များအားလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ယူရီးယားဓာတ်မြေ ဩဇာများအားလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက နည်းပညာပေးလက်ကမ်း စာစောင်များအားလည်းကောင်းပေးအပ်ကြရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် ကာ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက သဘာဝပိုးနှင်ဆေးပြုလုပ်ခြင်း၊ ငါးအမိုင်နိုအက်ဆစ်ပြုလုပ် ခြင်း၊ စူပါဘိုကာရှီပြုလုပ်ခြင်းတို့ကို လက်တွေ့သရုပ်ပြသနေမှုအား ကြည့်ရှုအားပေးကြပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်၊ အခြေခံပညာမူလတန်း လွန်ကျောင်းသို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူ လေးများအား သင်ထောက်ထူပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား ပေးအပ်ချီးမြှင့်ကြသည်။ အလားတူ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ် ဦးဆောင်ပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များကလည်း ကျောင်းသား၊ ကျောင်းသူလေးများအား သင်ထောက်ကူပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)