တာချီလိတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

တာချီလိတ် ဇွန် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အောင်မြတ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေသုံက အဖွင့်အမှာစကားပြောကြားပြီး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ ဗီဒီယိုအား လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP) အမှုဆောင်ညွှန်ကြားရေးမှူး၏ သဝဏ်လွှာ ဗီဒီယိုအားလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဂုဏ်ပြုဖော်ပြသည့် ဗီဒီယိုအား လည်းကောင်း ပြသသည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် စာစီစာကုံး၊ ပန်းချီနှင့် ကာတွန်းပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား စစ်ဗျူဟာ(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အထိမ်းအမှတ် ပြခန်းအား ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူတို့က လိုက်လံရှင်းလင်းပြသပြီး အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)