ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားသို့ တက်ရောက်

ဟိုပုံး ဇွန် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ “ကမ္ဘာ့တစ်ဝန်း ပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” “ Ending plastic Pollution Globally” အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာစကားပြောကြားရာတွင် ယနေ့ဟာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်ထူးခြားလေးနက်တဲ့နေ့ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ အခမ်းအနားများနှင့် လှုပ်ရှားဆောင်ရွက်မှုတွေ ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်ဆိုရင် ၅၂ နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ တဖြည်းဖြည်းနဲ့ အဖက်ဖက်ကနေ ယိုယွင်းပျက်စီးနေသည့် ကမ္ဘာ့ပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်းကို ၂၀ ရာစုနှောင်းပိုင်းကာလများတွင် ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်းပူးပေါင်း၍ ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၇၂ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ပထမဆုံးအကြိမ် ကုလသမဂ္ဂလူသားနှင့် ပတ်ဝန်းကျင်ညီလာခံ (United Nations Conference on the Human Environment)ကို ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့၌ ကျင်းပနိုင်ခဲ့ပါကြောင်း၊ အဆိုပါညီလာခံကျင်းပသည့် ဇွန်လ(၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၇၄ ခုနှစ်မှစ၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ကမ္ဘာ့တစ်ဝှမ်း အာရုံစူးစိုက်မိစေရန်နှင့် အချိန်အခါအလိုက် အထူးဦးစားပေးဆောင်ရွက်ရန်လိုအပ်သည့် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တစ်ခုစီကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်အနေဖြင့် နှစ်စဉ်သတ်မှတ်လျက်ရှိပါကြောင်း၊ ၁၉၈၇ ခုနှစ်မှစတင်ပြီး အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားများကို နိုင်ငံအလိုက် အလှည့်ကျကျင်းပပေးခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ကတော့ “ကမ္ဘာ့တစ်ဝန်းပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” “Ending plastic Pollution Globally”ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်အခမ်းအနားကိုတော့ တောင်ကိုရီးယားသမ္မတနိုင်ငံ (ဂျယ်ဂျူး အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် ကျွန်တော်တို့လူသားများအပါအဝင် သက်ရှိတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများအနက် ပလတ်စတစ်များ အလွန်အကျံသုံးစွဲမှုကြောင့် ဖြစ်ပေါ်နေသော ပြဿနာများသည် အလွန်ဆိုးရွာစွာ ခံစားနေရဆဲဖြစ်ပါကြောင်း၊ ပလတ်စတစ်ကို အလွန်အကျွံသုံးစွဲပြီး စနစ်တကျစွန့်ပစ်မှု အားနည်းခြင်းတို့ကြောင့် ဆိုးကျိုးသက်ရောက်မှုများအနေဖြင့် မြို့ပြ၏ သန့်ရှင်းသာယာလှပမှုကိုထိခိုက်စေခြင်း၊ မြေထုညစ်ညမ်းခြင်း၊ ရေနေသတ္တဝါများကို ထိခိုက်စေခြင်း၊ မိုးရာသီကာလအတွင်း ရေမြောင်းများအတွင်း ပိတ်ဆို့ခြင်းတို့ကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်း လေထု၊ ရေထု၊ မြေထုနှင့် မြေဆီလွှာများကို ညစ်ညမ်းစေပြီး လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် တိရစ္ဆာန်နှင့် အပင်များကို များစွာထိခိုက်ခြင်းစတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကို ဖြစ်ပေါ်စေတယ်ဆိုတာ ငြင်းဆို၍ မရတဲ့ကိစ္စတွေပဲဖြစ်ပါကြောင်း၊ နိုင်ငံအများစုမှာ ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချစေရေးအတွက် လျှော့ချခြင်း(Reduce)၊ ပြန်လည်အသုံးပြုခြင်း (Reuse)၊ ကုန်ကြမ်းအဖြစ်အသုံးပြုပြီး အသစ်တစ်ဖန်ပြန်လည်ထီတွင်အသုံးပြုခြင်း (Recycle)၊ ငြင်းပယ်ခြင်း(Reject)နှင့် ပြန်လည်အသုံးပြုနိုင်သောနေရာသို့ ပြန်လည်ပေးပို့ခြင်း(Return)စသည့် နည်းလမ်း(၅)သွယ်ကို ကျင့်သုံးနေပြီဖြစ်ကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုဟာ ကမ္ဘာနှင့် အဝှမ်းရင်ဆိုင်နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီး ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးသည် အလွန်အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုအဆုံသတ်ရေးအတွက် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာဌာနများ၊ ပြည်သူလူထုနှင့် ပုဂ္ဂလိကဏ္ဍများ အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်စွာဖြေရှင်းဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးမျိုးအောင်က ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့သည့် သဝဏ်လွှာကိုဖတ်ကြားပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Video Clip ကိုပရိုဂျက်တာဖြင့် ပြသသည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးမျိုးအောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းတို့က  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)