ဗီယက်နမ်ဆရာတော်ဦးဆောင်သော ဘာသာရေးအဖွဲ့ ငလျင်ဒဏ်သင့် ကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့ငွေများပေးအပ်

ချမ်းအေးသာစံ ဇွန် ၅

ဗီယက်နမ်ဆရာတော်နှင့်အဖွဲ့သည် ငလျင်ဒဏ်သင့်ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်၊ လမ်း ၈၀၊ ၃၂×၃၃ လမ်းကြားရှိ အမှတ် (၁၄)အခြေခံပညာအထက်တန်းကျောင်း၊ မေတ္တာရိပ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဗီယက်နမ်နိုင်ငံသား ဘုန်းတော်ကြီး Doan Thuy Lam Thuy၊ ဗီယက်နမ်နိုင်ငံသူ သီလရှင်  Doan Mai Bao Giang နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မဟာပုညဝိဟာရကျောင်းတိုက်၊ ဆရာတော်အရှင် ဝိမလနှင့်အဖွဲ့တို့သည် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ငလျင်ဒဏ်သင့်ခဲ့သော ပန်းမျိုးတစ်ရာခန်းမဆောင်၏ မျက်နှာကျက်ပြုပြင်ရန်အတွက် သိန်း (၈၀) အား လှုဒါန်းခဲ့ရာ ကျောင်းအုပ်ကြီး ဒေါ်ချောစုလွင်က လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ထို့နောက် ငလျင်ဒဏ်သင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးစာရေးကိရိယာများ ဝယ်ယူရန်အတွက် ကျောင်းသားတစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် ကျောင်းသားစုစုပေါင်း ၄၀၀ဦး တို့အား ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

အလားတူ ဗီယက်နမ်ဆရာတော်နှင့်အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၅×၆၀လမ်းထောင့်ရှိ အမှတ် (၂၇)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ငလျင်ဒဏ်သင့် ကျောင်းသားတစ်ဦးလျှင် ငွေကျပ် ( ၃၀၀၀၀ ) နှုန်းဖြင့် ကျောင်းသားစုစုပေါင်း (၄၀၀)ဦး တို့အား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်