ဇေယျာသီရိ ဇွန် ၅
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ထူးကြီးပရိယ္ယတိစာသင်တိုက်တွင် ယမန်နေ့က စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ရဟန်း၊ သာမဏေနှင့် သီလရှင်များက ပထမကြီးတန်းတွင် (၂၄) ပါး၊ ပထမလတ်တန်းတွင် (၄၅) ပါး၊ ပထမငယ်တန်းတွင် (၉၇) ပါးနှင့် အခြေပြုမူလတန်းတွင် (၁၁၈) ပါး စုစုပေါင်း (၂၈၄) ပါး ဝင်ရောက်ဖြေဆိုပြီး ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုရာတွင် စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများ၊ စာမေးပွဲကျင်းပရေး ဦးစီးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ (၄) ရက်နေ့မှ (၁၀) ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲကာလအတွင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာ/ ရပ်ကွက်များမှ စေတနာရှင်၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို အလှည့်ကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ကို (ပုဗ္ဗသီရိ)