ကလော ဇွန် ၅
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ (၉၃)ကြိမ်မြောက် အစိုးရပါဋိပထမပြန်စာမေးပွဲ ပထမရက်ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့၊ မဟာဓမ္မိကာရာမသိမ်တောင်ပရိယတ္တိစာသင်တိုက်၌ ယမန်နေ့ နေ့လယ် ၁၂ နာရီက ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာ ဝန်ကြီးဦးမင်းမင်းလွင်၊ ကလောခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အစိုးရပါဋိပထမပြန်စာမေးပွဲတွင် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် အောင်ပန်းမြို့ လွယ်မယ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဣဿရိယက ပထမပြန်စာမေးပွဲ စည်းကမ်းချက်များအားမိန့်ကြားခဲ့သည်။ ထို့နောက် ကလောမြို့နယ်ရှိ သံဃာတော်နှင့် သီလရှင်များဖြစ်ကြသည့် ပထမကြီးတန်းတွင် (၃၄) ပါးနှင့် ပထမလတ်တန်း (၈၀) ပါးတို့က ဒွေမာတိကာဘာသာ/ဓမ္မပဒ ဖြင့်လည်းကောင်း၊ ပထမငယ်တန်း (၂၁၂) ပါးတို့က ဘိက္ခုပါတိ မောက်ဘာသာ/ဓမ္မပဒနှင့်အခြေပြုမူလတန်းတွင် (၂၄၃) ပါးတို့က ဝိနည်းကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပနီဘာသာရပ်တို့ဖြစ် စုစုပေါင်း (၄၉၇) ပါးတို့က စာဖြေဆောင် (၅) ဌာနတို့တွင် ဖြေဆိုလျက်ရှိကြောင်း၊ (၉၃) ကြိမ်မြောက် အစိုးရပါဋိပထမပြန်စာမေးပွဲ ပထမရက်တွင် အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်းနှင့် အခြေပြုမူလတန်းများဖြစ်သည့် သံဃာတော်နှင့် သီလရှင်အပါအဝင် စုစုပေါင်း (၅၆၉) ပါး စာရင်းပေးသွင်းထားပြီး (၄၉၇) ပါးဖြေဆိုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)