ညောင်ဦးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ညောင်ဦး ဇွန် ၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၃ ရက်နေ့ နံနက် ၁၀နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။  

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက ဆောင်ရွက်ရမည့် စုဖွဲ့မှုများ၊ ကြိုတင်ပြင်ဆင်မှုများ၊ နှိုးဆော်သတိပေးခြင်းများ ပြုလုပ်ရန် သက်ဆိုင်ရာဌာနများအလိုက် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာလျှင် ဝိုင်းဝန်းကူညီဆောင်ရွက်သွားကြရန် မှာကြားသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်ဝင်က သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဌာနဆိုင်ရာများအလိုက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို တင်ပြဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း