တံတားဦး ဇွန် ၅
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံး ဇွန်လ ၂ ရက်နေ့ နံနက်(၇)နာရီခွဲအချိန်မှစတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက်ပညာသင်ကြားကြကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းများရှိ ကျောင်းဆရာကြီး၊ ဆရာမကြီးများ ကျောင်းအကျိုးတော်ဆောင်များ ကျောင်းသား၊ ကျောင်းသူများ၏ မိဘများ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းနှင့် ပတ်သက်သည်များကို ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ပေးလျက်ရှိပြီး “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ “ဟူသောဆောင်ပုဒ်နှင့်အညီ သတ်မှတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနိုင်ရေးနှင့် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးအပ်ကာကျောင်းသား၊ ကျောင်းသူများအနေဖြင့် အေးချမ်းပျော်ရွှင်စွာ တက်ရောက်ကြကြောင်းသိရသည်။ တံတားဦးမြို့နယ်အနေဖြင့် (၂၈-၃-၂၀၂၅) ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့်မန္တလေး ငလျင်ကြီးကြောင့် အန္တရာယ်ရှိသော အဆောက်အဦအဖြစ် သတ်မှတ်ထား၍ အချို့သော အခြေခံပညာ များတွင်နံနက်(၇)နာရီခွဲအချိန်မှနေ့လည် (၁၁)နာရီခွဲအချိန်ထိ KG တန်းမှGrade-8 တန်းအထိ နံနက်ပိုင်း သင်ကြားပေးပြီး Grade-9တန်းမှ Grade -12တန်းအထိ မွန်းတည့်(၁၂)နာရီမှ ညနေ(၄) နာရီခွဲအချိန်ထိ သင်ကြားနေပါကြောင်း၊ ထိုအခြေခံပညာကျောင်းများမှ အ.ထ.က - တံတားဦး၊ အ.ထ.က-တောင်ဘီလူ၊ အ.ထ.က-မြင်းသည်၊ အ.ထ.က(ခွဲ)စကားအင်း၊ အထ.က(ခွဲ) အေးကြည်ကုန်းနှင့် မူလတန်းလွန် လက်ဆောင်ယူကျောင်းတို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တံတားဦးမြို့နယ်တွင် အ-ထ-က(၈)ကျောင်း၊ အ-ထ-က-ခွဲ (၉)ကျောင်း၊ အ-လ-က(၁၀)ကျောင်း၊ အ-လ-က-ခွဲ(၈)ကျောင်း၊ မူလွန်(၁၇)ကျောင်း၊ အ-မ-က(၆၈)ကျောင်း၊ အ-မ-က-ခွဲ(၁) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၉)ကျောင်း၊ စုစုပေါင်း(၁၃၀)ကျောင်းအား ၂၀၂၅-ခုနှစ် ဇွန်လ(၂) ရက်နေ့မှ စတင်ကာ ဖွင့်လှစ်ပညာကြားလျက်ရှိကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)