ပျော်ဘွယ်မြို့နယ်တွင် မန္တလေးမြေငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တို့အား ရှင်းလင်းဆွေးနွေး

ပျော်ဘွယ် ဇွန် ၅

ပျော်ဘွယ်မြို့နယ်တွင် မန္တလေးမြေငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တို့အား ရှင်းလင်းဆွေးနွေးပွဲကို ဇွန်လ (၃) ရက်၊ နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအာကာစိုးက မန္တလေးမြေငလျင်ကြီးကြောင့် မြို့နယ်အတွင်း ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများ၊ ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ပြန်လည်တည်ဆောက်လုပ်ငန်းများအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတ်မှတ်စံချိန်စံညွှန်းများ စသည်တို့ကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးဇော်မြင့်က အဆောက်အဦသစ်ဆောက်လုပ်ခြင်း၊ ပျက်စီးမှုပုံစံများအတွက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးဆွေးကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ မန္တလေးမြေငလျင်ကြီးကြောင့် နေအိမ်များပြိုကျပျက်စီးခဲ့ရသည့် ပြည်သူများ၊ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၊ အဆောက်အဦဆောက်လုပ်ခွင့် လိုင်စင်ရယူထားသည့် အင်ဂျင်နီယာများ၊ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြောင်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မည့် ပြည်သူများအနေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)