စဉ့်ကိုင် ဇွန် ၅
မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ ကျေးရွာများကို ရွေးချယ်၍ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေပြည်သူများ တဖက်တလှမ်းမှ မိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်စံပြ ကျေးရွာ ရွာလယ်ဓမ္မာရုံအတွင်း၌ ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းတွင် မန္တလေးတိုင်းဒေသကြီး၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် သင်တန်းကို ပြည်တွင်းဈေးကွက်၌ အရည်အသွေးပြည့်မီသော ထုတ်ကုန်ပစ္စည်းများအား သက်သာသောနှုန်းထားများဖြင့် ပြည်သူများ အသုံးပြုနိုင်ရန်၊ ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရန်၊ အခြေခံလူတန်းစားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းမှ ဝယ်ယူမှု ရရှိနိုင်သည့် ကုန်ကြမ်းပစ္စည်းများကို အခြေခံ၍ လူသုံးကုန်ပစ္စည်း အမျိုးမျိုးကို သွင်းကုန်အစားထိုး ထုတ်ကုန်ပစ္စည်းများအဖြစ် နည်းစနစ်ကျကျ ထုတ်လုပ်၍ အသေးစား ကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်စေရန်တို့ကို ရည်ရွယ်ကာ ယခုလို သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းသော်က အမှားစကားပြောခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးက စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီထံသို့ စီမံကိန်းလုပ်ငန်းတာဝန်များကို ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ သင်တန်းသူများက တစ်ဦးချင်းစီအလိုက် မိတ်စကားနှင့် သင်တန်းတက်ရောက်ရသည့် ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ကြ ကြောင်းသိရသည်။
သင်တန်းဖွင့်ပြီးနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများက သင်တန်းသူများအား စာတွေ့လက်တွေ့ ပို့ချသင်ကြားပေးခဲ့ကြောင်းနှင့် သင်တန်းကို (၂-၆-၂၀၂၅ ရက်နေ့မှ ၈-၆-၂၀၂၅ ရက်နေ့ထိ) နေ့စဉ် နံနက် ၉:၃၀ နာရီမှ ညနေ ၃နာရီအထိ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကျော်စွာ(စဉ့်ကိုင်)(၃၉၉)