ပြင်ဦးလွင် ဇွန် ၅
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်းကျောင်း (ပြင်ဦးလွင်)၏ ဒဿမအကြိမ်ဘက်စုံသားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကို ဇွန်လ ၃ ရက်နေ့ နံနက် (၉) နာရီအချိန်က ပြင်ဦးလွင်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပြုလုပ်သည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သင်းသင်းအိမှ ယနေ့နိုင်ငံတော်အတွက် လိုအပ်တဲ့အရည်အသွေးပြည့်ဝပြီး ဘက်စုံတော်တဲ့ ပြည်သူတွေ အားထားရတဲ့ သားဖွားဆရာမကောင်းများ ဖြစ်ကြပါစေ၊ မိမိတို့နိုင်ငံရှိ ပြည်သူလူထုအားလုံး၏ ကျန်းမာရေးမြင့်မားတိုးတက်လာစေရန် ကျင့်ဝတ်၊ သိက္ခာ၊ တာဝန်ဝတ္တရားများနှင့်အညီ မွန်မြတ်သောစိတ်ဓာတ်များရှိသော သားဖွားဆရာမကောင်းများဖြစ်ကြပါစေ၊ မိမိတို့ကျရာအခန်းကဏ္ဍအသီးသီးမှUniversal Health Coverage ရရှိစေဖို့ နိုင်ငံတော်၏အကျိုးကို ဆထက်ထမ်းပိုးဆောင်ရွက်နိုင်ကြတဲ့ ဂုဏ်ယူထိုက်တဲ့သားဖွားဆရာမကောင်းများ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း ဆုံးမဩဝါဒစကားမြွက်ကြားပြီး သင်တန်းဆင်းဆရာမများအားလုံး ကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ စင်မြင့်ပေါ်တွင် နေရာယူခြင်း၊ နိုင်ငံတော်သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခြင်း၊ ဘက်စုံသားဖွားဒီပလိုမာအောင်လက်မှတ်ယူမည့်သူများ ကတိပြုခြင်း၊ ဘက်စုံသားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းခြင်းခံရသောသူများက “သူနာပြုသစ္စာအဓိဌာန်” ရွတ်ဆိုခြင်းနှင့် ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းခံရသောသူများအား ကျောင်းအုပ်က ဒီပလိုမာအောင်လက်မှတ်များ အသီးသီးအပ်နှင်းခဲ့ပြီး အခမ်းအနားပြီးမြောက်ကြောင်း ကြေညာ၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)