လှည်းကူးမြို့နယ်၌ သက်ကြီးရွယ်အိုစောင့်ရှောက်မှု အစီအစဥ်ဖြင့် ဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်ပေး

လှည်းကူး ဇွန် ၄

ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးခရိုင်၊လှည်းကူးမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်မှုအစီအစဥ်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုဘိုးဘွားများအားအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ အခမဲ့ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့် ဝန်ထမ်းများကလည်း တိုင်းရင်းဆေးပညာဖြင့် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။

အဆိုပါ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

အေးအေးနွဲ့