ကျောက်ဆည် ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ကျောက်ဆည်မြို့နယ် မယ်ဇယ်ပင်ကျေးရွာ မာရ်အောင်မြင်ဘုရားဝန်းတွင် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးလုပ်ငန်းစီမံကိန်းအဖြစ် ဇွန်လ ၃ ရက်နေ့မွန်းလွှဲပိုင်းက အခြေခံစက်ချုပ်နည်းပညာသင်တန်းကို အခမဲ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခြေခံစက်ချုပ်နည်းပညာသင်တန်းတွင် မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ်က နည်းပညာများကို ကြိုးစားသင်ယူကြစေလိုကြောင်း၊ မိသားစုတစ်ဦးချင်းဝင်ငွေတိုးတက်ရေးအတွက် အခြေခံစက်ချုပ်ပညာများသည် လက်တွေ့အသက်မွေးဝမ်းကျောင်းပညာဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် စိတ်ပါဝင်စားစွာကြိုးစား သင်ယူသွားကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးအောင်သူက စီမံကိန်းလုပ်ငန်းကို ကျေးရွာကော်မတီထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆို့ပါ အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂) ရက်မှ ဇူလိုင်လ (၁) ရက်နေ့အထိ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး မွမ်းမံစက်ချုပ်နည်းပညာသင်တန်းကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သင်တန်းတွင် ထူးချွန်သူ (၅) ဦးအား ရွေးချယ်ကာ လုပ်ငန်းများထူထောင်နိုင်ရန် စက်ပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သင်တန်းနည်းပြများဖြစ်သည့် ဒေါ်မြနှင်းဦးနှင့် ဒေါ်နွယ်နီအောင်တို့မှ စာတွေ့ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်းသို့ မယ်ဇယ်ပင်ကျေးရွာမှ သင်တန်းသူ (၁၁) ဦး တက်ရောက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
တင်တင်ထွေး