မိုင်းပျဉ်းမြို့၌ ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မိုင်းပျဉ်း ဇွန် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ ဂေဟစနစ်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်စေရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၇) နာရီအချိန်က မြို့မစျေးအရှေ့ဖက် စည်ပင်သာယာကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ပြည်သူလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့် အဖွဲ့ဝင်များက ပျိုးပင်များပေးအပ်ကြရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများက ပျိုးပင်များ လက်ခံရယူကြသည်။ ထို့နောက် တက်ရောက်လာကြသူများအားလုံး စုပေါင်း၍ ပျိုးပင်များကို တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း (၁၅၀)ပင်၊ မန်ဂျန်ရှား (၁၇၅)ပင်နှင့် မယ်ဇလီ (၁၇၅)ပင်၊ စုစုပေါင်းပျိုးပင် (၅၀၀)ကို စနစ်တကျစုပေါင်းစိုက်ပျိုးခဲ့ကြပြီး တပ်နယ်မှအရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၃၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)