လယ်ဝေး ဇွန် ၅
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅-ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်း၊ မဟာအတုလ အောင်ဓမ္မဗိမာန်တော်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက စတင်ဖြေဆိုသည်။
ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်းတွင် သံဃာ ၂၅ ပါး၊ သီလရှင် ၂ပါး၊ ပထမ လတ်တန်း တွင် သံဃာ ၄၄ ပါး၊ သီလရှင် ၂ ပါး၊ ပထမငယ်တန်းတွင် သံဃာ ၅၈ ပါး၊ သီလရှင် ၃ ပါး၊ အခြေပြုမူလတန်းတွင် သံဃာတော် ၈၂ ပါး၊ သီလရှင် ၂၇ ပါး၊ စုစုပေါင်း သံဃာတော်နှင့် သီလရှင် ၂၄၃ ပါး ဖြေဆိုလျက်ရှိပြီး ဇွန်လ ၁၀ ရက် အထိဖြေဆိုမည်ဖြစ်သည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲအား စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများ၊ စာမေးပွဲကျင်းပရေးဦးစီးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးမှူးနှင့်ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး စာမေးပွဲကာလအတွင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့ပေါ်ရပ်ကွက်များမှစေတနာရှင်၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
တုံးရှော့ (လယ်ဝေး)