မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေမှုများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ ထုတ်ပေးနေမှုတို့ကို လိုက်လံကြည့်ရှုအားပေး

အောင်မြေသာစံ ဇွန် ၅

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါပြီး ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်အတွင်းရှိ အမှတ် (၁၀) နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားနေမှုများ၊ ပြန်လည်ကျင်းပစစ်ဆေးသည့် တက္ကသိုလ်ဝင် စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာစာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို စနစ်တကျစိစစ်ထုတ်ပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးသည်။

ထိုသို့ လိုက်လံကြည်ရှုရာတွင် အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး စာသင်ခန်းများတွင် သက်ဆိုင်ရာအတန်းအလိုက် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်အလိုက်သင်ခန်းစာများကို သင်ကြားပေးနေမှုများနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် သင်ယူနေမှုများကို လိုက်လံကြည့်ရှုကြသည်။

အဆိုပါ ကျောင်းများသို့ ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများအား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရေး၊အကြောင်းအမျိုးမျိုးကြောင့် ပညာသင်နှစ်နောက်မကျစေရေး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးထိခိုက်မှုမရှိစေရန် ကျောင်းမုန့်ဈေးတန်းများ၌ ရောင်းချနေသည့်အစားအစာများ အမြဲသန့်ရှင်းနေရန်နှင့် ဘေးကင်းစိတ်ချရသည့်အစားအသောက်များဖြစ်ရန် အမြဲဂရုစိုက်ဆောင်ရွက်နေကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် စာသင်ခန်းများ၌ အတန်းအလိုက်၊ ဘာသာရပ်အလိုက် ဆရာ၊ ဆရာမများက သင်ခန်းစာများ သင်ကြားပေးနေမှု၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ယူနေမှု၊တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို စနစ်တကျစိစစ်ထုတ်ပေးနေမှုများကို လိုက်လံကြည့်ရှု၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)