နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရန်ကုန်- မန္တလေး ပြည်‌ထောင်စုလမ်းမကြီးဘေး ဝဲ၊ ယာ ရေစီးရေလာကောင်းမွန်စေရေးနှင့် စိုက်ပျိုးရေရရှိရေး ကွင်းဆင်းစစ်ဆေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇွန် ၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်- မန္တလေး ပြည်‌ထောင်စုလမ်းမကြီးသို့ သွားရောက်ပြီး လမ်းဘေး ဝဲ၊ ယာ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လမ်းဘေးရေမြောင်းများအတွင်း စနစ်တကျရှင်းလင်းဆောင်ရွက်ထားရှိရေး၊ ရေမြောင်းများအား သတ်မှတ်ချက်အတိုင်း ပြန်လည်တူးဖော်ဆောင်ရွက်ရေး၊ Box Culvert များတွင် အမှိုက်များပိတ်ဆို့မှုမရှိစေရေး၊ လမ်းဧရိယာအတွင်း ကျူးကျော်အဆောက်အဦများမရှိစေရေး၊ လမ်းဘေး ဝဲ၊ ယာ ချုံနွယ်များ ရှင်းလင်းထားရှိရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ်၊ ပင်လောင်းလမ်းသို့ သွားရောက်ပြီး လမ်းဘေးဝဲယာ စိုက်ခင်းများအား ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရေးနှင့် စိုက်ပျိုးရေရရှိရေးအတွက် ကျွန်းရောင်း- အိုင်စောက်- ပေါင်းလောင်း ရေနုတ်မြောင်း၊ ပင်လောင်းလမ်း‌‌ဘေးဝဲယာ ရေနုတ်မြောင်းများနှင့် တင်းဝါးချောင်း ပြန်လည်ထူးဖော်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေနုတ်မြောင်းများတစ်လျှောက် ပိတ်ဆို့မှုမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအားတိုးမြှင့်နိုင်ရေးနှင့် စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးသို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုများနှင့် Modular House များ တပ်ဆင်ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ Modular House တွင်နေထိုင်မည့်သူများအတွက် ရေ၊ မီးနှင့် သန့်စင်ခန်းများပြည့်စုံစွာ ဆောင်ရွက်ရေး၊ လျှောက်လမ်းများ စနစ်တကျဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပသော စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များကို အခြေခံပြီး ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရေး၊ သီးနှံများစိုက်ပျိုးရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီဆောင်ရွက်ရေး၊ သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအားများတိုးမြှင့်နိုင်ရေး၊ မွေးမြူရေးတွင် လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်သို့ ပြောင်းလဲမွေးမြူနိုင်ရေး၊ အသားနှင့် ဥ စားသုံးမှုဖူလုံစေရေးအတွက် နွား၊ ဆိတ်နှင့် ဥစားကြက်များ တိုးချဲ့မွေးမြူနိုင်ရေး၊ ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်‌ရွက်ပေးခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)