အောင်မြေသာစံမြို့နယ် ရွှေနှင်းဆီဓမ္မာရုံတွင် ပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

အောင်မြေသာစံ ဇွန် ၅

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဇွန်လ ၂ ရက်နေ့မွန်းလွဲ ၂နာရီက အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ၈၆လမ်း၊၁၃/၁၄လမ်းကြားရှိ နှင်းဆီခြံကိုးခန်းဓမ္မာရုံ၌ ကျင်းပသည့် ပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါဓမ္မာရုံတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်သူလူထုနှင့်တွေ့ဆုံပွဲ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ကူညီကယ်ဆယ်ရေး၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နေပါကြောင်း၊ အဆောက်အအုံများ ပြန်လည်တည်ဆောက်သည့်အခါ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများဖြစ်စေရေး၊ အရည်အသွေးစံချိန်စံညွှန်းပြည့်မီသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ အသုံးပြုသွားရေးတို့ကို ထည့်သွင်းတွက်ချက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ငလျင်ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အလွယ်တကူဝယ်ယူရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ရောင်းချပေးနေပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အစိုးရ၊ ပုဂ္ဂလိကနှင့်ပြည်သူလူထုတို့၏ စည်းလုံးညီညွတ်မှုအင်အားတို့ဖြင့် အရှိန်မြှင့်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၄င်းနောက် တက်ရောက်လာကြသူများက မန္တလေးငလျင်ကြီးကြောင့် ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့သည့် မန္တလေးငလျင်ကြီးကြောင့် အောင်မြေသာစံမြို့နယ်ရှိ ပြည်ကြီးရန်လုံရပ်ကွက်အတွင်း လုံးဝပြိုကျပျက်စီးသွားသော အဆောက်အအုံ ၅၈ လုံးအတွက် တစ်လုံးလျှင် ထောက်ပံ့ငွေကျပ် ၂ သိန်းနှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ၁၁၆ သိန်းကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြည်ကြီးရန်လုံရပ်ကွက်ရှိ ငလျင်ဘေးသင့်အိမ်ထောင်စု ၅၈ စု အတွက် ရိက္ခာခြောက်ပစ္စည်းအိတ်များကိုလည်း ကောင်း၊ စီးပွားရေးရာဝန်ကြီးက Grade-12 ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုလည်းကောင်း ပေးအပ်ကြသည်။

၄င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားပြီး တက်ရောက်လာကြသည့် ပြည်သူလူထုအား ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)