ဇေယျာသီရိမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

ဇေယျာသီရိ ဇွန် ၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅-ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်၊ ရတနာစံကျောင်းတိုက်ရှိ ရတနာဘိမတဗိမာန်တော်၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီက စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ရဟန်း၊ သာမဏေနှင့် သီလရှင်များက ပထမကြီးတန်းတွင် ၁၄ ပါး၊ ပထမလတ်တန်းတွင် ၃၂ ပါး၊ ပထမငယ်တန်းတွင် ၃၃ ပါးနှင့် အခြေပြုမူလတန်းတွင် ၅၂ ပါး၊ စုစုပေါင်း ၁၃၁ ပါး ဝင်ရောက်ဖြေဆိုပြီး ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာတွင် စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများ၊ စာမေးပွဲကျင်းပရေးဦးစီးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးဝေဖြိုးအောင်နှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

ဇေယျာသီရိမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲကာလအတွင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာ/ ရပ်ကွက်များမှ စေတနာရှင်၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို အလှည့်ကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)