ကျောက်ပန်းတောင်း ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပုဂ္ဂလိက ကိုယ်ပိုင် ကျောင်းများကို၊ ဇွန်လ (၂)ရက်နေ့မှစတင်၍ ဖွင့်လှစ်နေပြီဖြစ်ရာ၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောက်ပန်းတောင်းတပ်နယ်မှူးနှင့် မြို့နယ်တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းပေါင်း (၂၈၃)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၆)ကျောင်းနှင့် ပုဂ္ဂလိကကျောင်း(၁၄)ကျောင်း စုစုပေါင်း (၃၀၃)ကျောင်း ဖွင့်လှစ်လျက်ရှိရာ၊ အဆိုပါကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားနိုင်ရေးနှင့် တန်းစဉ်အလိုက် ကျောင်းတက်ရ မည့်ကလေးများ ကျောင်းသို့ရောက်ရှိရေးအတွက် ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် ဟိန်းဆက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး နောင်ထွန်းနီနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဒုတိယပညာရေးမှူး ဦးအောင်စိုးသင်းတို့လိုက်ပါလျက် မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထိုသို့စစ်ဆေးရာတွင် မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ လေးရွာအခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းများသို့ ရောက်ရှိခဲ့ပြီး၊ ကျောင်းအပ်နှံထားရှိမှု၊ ကျောင်းတက်ရောက်မှု အခြေအနေများနှင့် ကျောင်း၏ လိုအပ်ချက်များကို မေးမြန်းရာသက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၏ တင်ပြချက်များအပေါ်တွင် တပ်နယ်မှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)