ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနား ကျင်းပ

ဒဂုံတောင် ဇွန် ၄

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူ ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို မေလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူမှုဖူလုံရေးရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက အဖွင့်အမှာစကားပြောကြားပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်းနှင့် ယခုကဲ့သို့ အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော TMW Enterprise Limited မှ အာမခံအလုပ်သမား ဦးမောင်မောင်တာ၏ အလုပ်ခွင်ထိခိုက်မှုကြောင့် ကျန်ရစ်သူ ငွေလုံးငွေရင်း အကျိုးခံစားခွင့် ငွေကျပ် ၁၅,၀၀၀,၀၀၀ (ကျပ်သိန်းတစ်ရာ့ငါးဆယ်တိတိ/-)ကို သေဆုံးသူ၏ဇနီးဖြစ်သူ ဒေါ်ဝင်းမာထံသို့ ရုံးခွဲတာဝန်ခံ၊ နယ်မြေတာဝန်ခံ၊ အလုပ်ဌာနတာဝန်ရှိသူများနှင့် WCC အဖွဲ့ဝင်များရှေ့တွင် လက်ဝယ်ပေးအပ်ကြောင်း သိရသည်။

ထို့နောက် အကျိုးခံစားခွင့်ရရှိသူ၏ကိုယ်စား အလုပ်ဌာနတာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သတင်းရရှိသည်။

သန်းသန်းအေး