ဇမ္ဗူသီရိမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ ဖြေဆို

ဇမ္ဗူသီရိ ဇွန် ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ယနေ့နေ့လယ်ပိုင်းက မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် (ဓမ္မဝိဇိတဗိမာန်တော်ကြီး) ၌ စတင်ဖြေဆိုသည်။

ထိုသို့ဖြေဆိုနေမှုများအား မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများက ကြီးကြပ်ဆောင်ရွက်ကြသည်။ အဆိုပါ ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ (၄) ရက်နေ့မှ ဇွန်လ(၁၀)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ယနေ့တွင် အကြီးတန်း ဝင်ရောက်ဖြေဆိုသူ သံဃာ (၁၀) ပါး၊ အလတ်တန်း ဝင်ရောက်ဖြေဆိုသူ သံဃာ(၁၆) ပါး၊ အငယ်တန်း ဝင်ရောက်ဖြေဆိုသူ သံဃာ(၂၅)ပါး၊ လူပုဂ္ဂိုလ်(၁)ဦး၊ အခြေပြု မူလတန်းဝင်ရောက်ဖြေဆိုသူ သံဃာ(၃၇) ပါး စုစုပေါင်း စာဖြေသံဃာ(၈၈)ပါးနှင့် လူပုဂ္ဂိုလ် (၁) ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

နီလာ(ပြန်/ဆက်)