ကျိုင်းတုံ ဇွန် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အစားထိုးသီးနှံမျိုးစေ့နှင့် ပျိုးပင်များ ပေးအပ်ပွဲကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက အမှာစကားပြောကြားပြီး ကျိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မင်းက အခြားဝင်ငွေကောင်းသော အစားထိုးသီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် တစ်ဦးချင်း ဝင်ငွေပိုမိုရရှိလာစေရန်၊ အစားထိုးသီးနှံများ တိုးချဲ့စိုက်ပျိုးခြင်းအားဖြင့် ဘိန်းစိုက်ပျိုးမှု ပပျောက်လာစေရန်၊ တောင်ကုန်းများတွင် ရွှေ့ပြောင်းတောင်ယာစနစ်မှ မြေဆီလွှာထိန်းသိမ်းနိုင်မည့် တည်ငြိမ်သော စိုက်ပျိုးရေးစနစ် ပြောင်းလဲကျင့်သုံးလာစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းမှ စိုက်ပျိုးရေးတောင်သူများကို အစားထိုးသီးနှံမျိုးစေ့နှင့် ပျိုးပင်များ ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းနှင့် တာဝန်ရှိသူများက အစာထိုးသီးနှံနှင့် မျိုးစေ့ပျိုးပင်များကို စိုက်ပျိုးရေး တောင်သူများထံ ပေးအပ်ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)