နမ့်စန်(တ) ဇွန် ၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် အမှတ်(၃)ရပ်ကွက်၊ မြို့မဝိသုဒ္ဓိကျောင်းတိုက် ဓမ္မာရုံ စာဖြေဌာနအတွင်းတွင် ယနေ့နေ့လယ် ၁၂ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သံဃနာယက အကျိုးတော်ဆောင် သာသနဓဇ ဓမ္မာစရိယ သုခိတာရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော်က စာမေးပွဲဖြေဆိုရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို မိန့်ကြားခဲ့သည်။
ထို့နောက် စာမေးပွဲကြီးကြပ်ရေးဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် တာဝန်ရှိသူများက အတန်းစဉ်အလိုက် မေးခွန်းပုစ္ဆာများကို ဝေငှပေးခဲ့ပြီး စာမေးပွဲစတင်ဖြေဆိုခဲ့သည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၄ ရက်မှ ၁၀ ရက်နေ့ထိ နေ့စဉ် နေ့လယ် ၁၂ နာရီမှ ညနေ ၃ နာရီထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး နမ့်စန်မြို့နယ်အတွင်းရှိ ကျောင်းတိုက် (၁၃)တိုက်မှ ပထမကြီး (၁)ပါး၊ ပထမငယ် (၁၀) ပါး၊ ပထမလတ် (၂) ပါး၊ အခြေပြုမူလတန်း (၄၁)ပါးနှင့်အမျိုးသမီး (၁)ဦး၊ စုစုပေါင်း ရဟန်းသာမဏေ (၅၄)ပါးနှင့် အမျိုးသမီး (၁)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကာ ဩဝါဒစရိယဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ဆရာတော်များက စနစ်တကျကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်မှတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည့် ဝေယျာဝစ္စကိစ္စရပ်များကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနထံမှ သိရသည်။
သူရအောင်(နမ့်စန်)