မိတ္ထီလာ ဇွန် ၃
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သော မိတ္ထီလာမြို့ မိတ္ထီလာ(တောင်ကန်) ကန်ပေါင်လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းဖွင့်ပွဲ အခမ်းအနားတွင် ဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ဖွင့်လှစ်သော မိတ္ထီလာ (တောင်ကန်) ကန်ပေါင်လမ်းသည် ရန်ကုန်-မန္တလေးကားလမ်းမပေါ်တွင် တည်ရှိ၍ ကုန်စည်စီးဆင်း သွားလာရေးတွင် အရေးပါသောလမ်းပိုင်းဖြစ်ကြောင်း၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သော မိတ္ထီလာ(တောင်ကန်) ကန်ပေါင်လမ်းပိုင်းအား အမြန်ဆုံးပြီးအောင် ပြုပြင်ဆောင်ရွက်ပေးခဲ့သော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် ယုဇနဆောက်လုပ် ရေးကုမ္ပဏီလီမိတက်တို့အား ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။ ထိုနောက် လမ်းဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရပစ္စည်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများထံသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် တာဝန်ရှိသူများက ပေးအပ်သည်။ ဆက်လက်၍ မိတ္ထီလာ(တောင်ကန်) ကန်ပေါင်လမ်းအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါလမ်းအား လှည့်လည်ကြည့်ရှုသည်။အဆိုပါ မိတ္ထီလာ(တောင်ကန်) ကန်ပေါင်လမ်းသည် မတ်လ ၂၈ ရက် နေ့က လှုပ်ခတ်ခဲ့သော မန္တလေး ငလျင်ကြီးကြောင့် ပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့၍ နှစ်လတာကာလအတွင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် ယုဇနဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းပြုပြင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချမ်းသာ (ပြန်/ဆက်)