မက်မန်းမြို့နယ်တွင် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၂/၂၀၂၅)ဆင်းပွဲ အခမ်းအနားကျင်းပ

မက်မန်း ဇွန် ၃

ရှမ်းပြည်နယ် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ကြီးမှူးဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မက်မန်းမြို့ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သောင်းက အဖွင့်အမှာ စကားပြောကြားပြီး  ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ညိုက အမှာစကားပြောကြားရာတွင် သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားပို့ချပေးခဲ့သည့် အခြေခံနည်းပညာများကို ပိုမိုတိုးတက် ကောင်းမွန်အောင် ဆက်လက်သင်ယူဖို့လိုအပ်ကြောင်း၊ မိမိတို့၏ အရည်အချင်းများ အစဉ်တိုးတက်နေအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့လာသင်ယူကြရမည်ဖြစ်ကြောင်း၊ သင်တန်းမှပို့ချပေးသည့် ပညာရပ်များ နှင့်ဗဟုသုတများကို လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများကို ပြန်လည်မျှဝေပြီး မိမိဌာနတိုးတက်ရေးအတွက် စေတနာထား၍ လုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ လူငယ်လူရွယ်များကို နည်းပညာများ တိုးတက်မြင့်မားအောင်အတွက် ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ” ဆွေးနွေးပြောကြား ခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူအသီးသီးတို့မှ သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကာ သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် သင်တန်းနည်းပြဆရာမအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌမှ ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါသင်တန်းသို့ သင်တန်းသား၊   သင်တန်းသူ ၃၀ ဦးတက်ရောက်ခဲ့ကာ  Microsoft Word, Excel, Power Point စသည့် ဘာသာရပ်များကို မေလ ၉ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အေဇက်ထွန်း(ပြန်/ဆက်)