ညောင်ရွှေ ဇွန် ၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် လူငယ်လူရွယ်များ၊ အခြေခံပညာ ကျောင်းသား/ကျောင်းသူလေးများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိစေရန်အတွက် အခြေခံပညာကျောင်းများ၊ ပရဟိတဂေဟာများနှင့် ကျေးရွာများသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာရှိ မိုင်းသောက်ပရဟိတဂေဟာ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံး ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြောင်း သိကောင်းစရာများ၊ ပလပ်စတစ်စတင်ပေါ်ပေါက်လာပုံ၊ တွင်ကျယ်စွာအသုံးပြုလာကြပုံများ၊ ပလပ်စတစ်နှင့် အခြားစွန့်ပစ်ပစ္စည်းများကြောင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများ၊ ပလပ်စတစ်အန္တရာယ်ကြောင်းနှင့် လျှော့ချသုံးစွဲရန် နည်းလမ်းများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းအသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား/ ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံး ဦးစီးအရာရှိက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ