ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့မှ ဦးဆောင်ကာ အမှိုက်ကောက်၊ အမှိုက်သိမ်းခြင်းများ ဆောင်ရွက်

ညောင်ဦး       ဒီဇင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ယနေ့နံနက်ပိုင်းက ပုဂံပလတ် စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ ညောင်ဦးမြို့နယ် အခြေစိုက် အဖွဲ့အသီးသီမှ ပူးပေါင်းပါဝင်ကာ ပလပ်စတစ်အမှိုက်ကောက်ခြင်းနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ပုဂံပလတ်စတစ်ကမ်းပိန်းအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဆွေထံကသိရ သည်။

ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ရွှေစည်းခုံဘုရား တောင်ဘက်စောင်းတန်းအဟောင်းရှိ  ခြုံနွယ်ပိတ်ပေါင်း ထူနေ သည့် မြက်တောများ၊ ပလတ်စတစ်အမှိုက်များ တစ်ခါသုံး ဖော့ဘူးခွံများကို ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့၊  Oriental Balloons၊  အဖွဲ့မှဝန်ထမ်းများ၊ STT Balloon အဖွဲ့မှဝန်ထမ်းများ၊ Golden Eagle Balloonအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်လူငယ်ရေးရာ ကော်မတီ၊ မိခင်နှင့်ကလေးအဖွဲ့၊ ရွှေစည်းခုံဘုရားဝန်ထမ်းများနှင့် ဈေးသည်များ စုပေါင်းကာခြုံနွယ်များ ရှင်းလင်းကြကြောင်း ပုဂံပလတ်စတစ် ကမ်ပိန်းအဖွဲ့အတွင်းရေးမှူး ဦးမိုးမင်းအောင်က ရှင်းပြသည်။

ပုဂံပလတ်စတစ် ကမ်ပိန်းအဖွဲ့နှင့်အတူ စုပေါင်းအမှိုက်ကောက် ကုသိုလ်ယူသူများအား Royal-D Co.,Ltd မှသီးစုံ ဓာတ်ဆား ဖျော်ရည်ဘူးများ၊ ပလတ်စတစ်ကမ်ပိန်းမှကောက်ညှင်း ပေါင်းများ၊ ရွှေဂူမိဘမဲ့ကျောင်း ဆရာတော်မှ နံနက်စာထမင်း၊ ဟင်းများဖြင့် အာဟာရဒါနပြုခဲ့ကြောင်း၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အား ပုဂံပလတ်စတစ်ကမ်းပိန်း အဖွဲ့မှ ဦးဆောင်ကာ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန် ပလပ်စတစ်ကင်းစင်ရေး၊ ခြုံနွယ်ထူထပ်နေသည့် နေရာများအား ပြန်လည်းရှင်းလင်းရေး စနေနေ့တိုင်းပုံမှန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုထိန်(KPD)