မြောက်ဥက္ကလာပ ဒီဇင်ဘာ ၁၂
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ များပြားလာသော်လည်း ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲများနှင့် ပြန်လည် ဖွင့်လှစ်လာသည့် လုပ်ငန်းများကြောင့် နေအိမ်ပြင်ပသို့ ထွက်ရှိမှုများပြားလာခဲ့ပြီး အပြင်သို့ထွက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးအတွက် နှာခေါင်းစည်း Mask များတပ်ဆင်ခြင်းရှိ/မရှိနှင့် တပ်ဆင်သော်လည်းစနစ်တကျ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ် (၂)ရပ်ကွက်တွင် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယုကြည်ကြည်ဦးဆောင်သော ဌာန ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ဈေးသွား၊ဈေးလာနှင့် ဈေးရောင်းချသူများ များပြားသည့် (၂)ရပ်ကွက်ဈေးနှင့် အာသာဝတီ ၅ လမ်း အတွင်းဘက်တွင် နှာခေါင်းစည်း Mask မတပ်ဆင်သူ (၂၈)ဦးကို ဒဏ်ငွေ(၂၀၀)ကျပ်ပေးဆောင်စေပြီး Mask တစ်ခုပြန်လည် ပေးခြင်း၊ Maskကို အပြင်ထွက်တိုင်း မပျက်မကွက်တပ်ဆင်ရန်နှင့် မေးစေ့အောက်တွင် ချိတ်မထားရန် ပညာပေးပြောကြားခြင်း၊ Face Shield တစ်ခုတည်း မတပ်ဆင်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် ပြောကြားခဲ့ပြီး Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)