မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်၍ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွား

မြစ်ကြီးနား ဇွန် ၂

ကချင်ပြည်နယ်၏ အထက်ပိုင်းဒေသများတွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေ ယနေ့နံနက်ပိုင်းက တိုင်းတာချက်အရ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်၍ (၁၂၀၅) စင်တီမီတာထိ မြင့်တတ်လျက်ရှိပြီး မြေနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေဝင်ရောက်၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိ ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရှိရသည်။

မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည့် မြေနိမ့်ပိုင်းရပ်ကွက်များမှ ပြည်သူများအား ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်းကာ ရှာ‌ဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး၊ ဆက်လက်၍ မြစ်ရေဝင်ရောက်နိုင်သည့် ရပ်ကွက်များတွင် နေထိုင်ကြသော ပြည်သူများအားလည်း ဘေးလွတ်ရာသို့ရွေ့ပြောင်းခြင်းနှင့် အခြားလိုအပ်သော အကူအညီများကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

အလားတူ ဝိုင်းမော်မြို့နယ် မြေနိမ့်ပိုင်းရပ်ကွက်များတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)