နေပြည်တော် ဇွန် ၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနံပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာကွင်းအမှတ် ၁၆၇၂ ရှိ တောင်သူ ဦးကျောက်၏ ရေဆင်းပေါ်ဆန်း(၂) မျိုးစပါး ၁ ဒဿမ ၅ ဧက စိုက်ခင်းတွင် သဘာဝမြေဆွေးနှင့် ဓာတ်မြေဩဇာ ကြဲပက် နေမှုအား ကြည့်ရှုအားပေးသည်။
ယင်းနောက် တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိုက်ပျိူရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပြောကြားပြီးနေပြည်တော်ကောင်စီဥက္ကဋ္ဌက တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအား တိုးမြှင့်နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သဘာဝမြေဩဇာ ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စိုက်ပျိုးဆောင်ရွက်ရေး၊ သဘာဝမြေဩဇာအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များ စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ ပေးအပ်ကာ ပညာသင်ကြားနေမှုနှင့် ကျောင်းအပ်နှံဆောင်ရွက်နေမှုများကို လှည်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ကျောင်းသူများ ရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းအတွင်း ပန်းအလှပင်များနှင့် သီးပင်စားပင်များ စိုက်ပျိုးရေး၊ သန့်ရှင်းသာယာလှပရေးများဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားပြီး ကျောင်းသား ၊ကျောင်းသူများကို အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အေလာမြို့၊ ဂိုဏ်းထောက်ကျောင်းတိုက်သို့ သွားရောက်ပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စားမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများစခန်းသွင်းလေ့ကျင့်သင်ကြားနေမှုအား ကြည့်ရှုပြီး အားပေးစကားပြောကြားကာ စားသောက်စရိတ်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့၊ အမှတ်(၁)၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ စာပေသင်ကြားနေမှုကို ကြည့်ရှုပြီး အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် ကျောင်းအတွင်း ယာယီစာသင်ဆောင်ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ကျောင်းပတ်ဝန်းကျင် ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေမြောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
အောင်ကို (ပုဗ္ဗသီရိ)